သန်းကိုက်လို့ယားယံခြင်းအတွက် နည်းလမ်း ၅ သွယ်



တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးမွေးမြူသူတိုင်း သန်းကိုက်တဲ့ဒဏ်ကို ကောင်းကောင်းကြီး ခံစားဖူးမှာပါ။ သန်းကတော့ တိလေးတွေကို ကိုက်တာပဲ။ ဒါပေမယ့် အနေနီးစပ်တဲ့ ကိုယ့်ကိုပါ လာကိုက်ကြတာ။

သန်းဆိုတာ ဘယ်လိုလေးလဲဆိုတော့ သေးသေးမွှားမွှားလေးတွေ။ အမွှေးတွေထဲမှာဆို လျှင်သလား မမေးနဲ့ လှစ်ကနဲပဲ။ လက်ပေါ်ရောက်ပြန်ရင်လည်း ခုန်ခုန်ပြီး ပျောက်ကုန်ကြတာ။ အုပ်စုလိုက်ဖွဲ့နေတက်ကြသေးတယ်။ ကိုက်လိုက်ပြီဆိုလို့ကတော့ ခြင်လိုမျိုး တ၀ီဝီနဲ့ အစအနရှာမရဘူး။  တဆစ်ဆစ်ခံရပြီး ယားတော့တာပဲ။ ကိုက်လိုက်တဲ့ နေရာတွေကလည်း ကုတ်ရတာ ခက်ခက်ခဲခဲနဲ့ အာသာမပြေချင်စရာကောင်းတဲ့ ဒူးခေါင်း၊ တံတောင်ဆစ်၊ တခေါက်ကွေး၊ လက်မောင်း၊ တင်ပါး ၊ ခါးတွေလိုနေရာမျိုးတွေ…။

ယားလို့ ကုတ်မယ်တော့မစဉ်းစားလိုက်နဲ့။ လက်သည်းက ဘက်တီးရီးယားပါ ၀င်ပြီး အနာဖြစ်တော့တာပါပဲ။

အဲဒီတော့ သန်းတွေအကိုက်ခံရပြီး ယားလာရင် ဘယ်လိုဖြေရှင်းကြမလဲ…။

 

ရေခဲကပ်

ရေခဲကပ်လိုက်ခြင်းက အယားပြေစေသလို နာကျင်မှုလည်း သက်သာစေပါတယ်။

သန်းကိုက်ခံထားတဲ့နေရာတ၀ိုက်ကို ဆပ်ပြာနဲ့ သန့်ရှင်းအောင်ဆေးလိုက်ပါ။ ပြီးမှ ရေခဲတုံးလေးတွေ့ကို အ၀တ်သန့်သန့်နဲ့ ထုပ်ပြီး ဒဏ်ရာပေါ် ၂ - ၃ မိနစ်ခန့်တင်ထားပေးနိုင်ပါတယ်။

 

မုန့်ဖုတ်ဆိုဒါ

သူက ရုတ်ချည်းဆိုသလို ယားယံခြင်းကို သက်သာစေသလို နောက်ဆက်တွဲ ယောင်ယံခြင်းနဲ့ ဒဏ်ရာဖြစ်ခြင်းကိုပါ သက်သာစေပါတယ်။

မုန့်ဖုတ်ဆိုဒါလေးကို ရေနဲ့ ခပ်ပျစ်ပျစ်လေးဖျော်ပြီး  ၅ - ၁၀ မိနစ်ခန့် လိမ်းထားပေးရုံပါပဲ။ ပြီးမှ ရေအေးအေးလေးနဲ့ဆေးချပါ။ တနေ့ ၂ ကြိမ်လုပ်ပေးနိုင်ပါတယ်။

ခွေးလေး ကြောင်လေးတွေအတွက်ကိုတော့ ၄င်းဖျော်ရည်လေးကို ဂွမ်းစလေးနဲ့ ဆွတ်ပြီး ပွတ်ပေးပါ။ ပြီးမှ ရေအေးအေးလေးနဲ့ ဆေးချပေးနိုင်ပါတယ်။

တခုသတိပြုရမှာကတော့ မုန့်ဖုတ်ဆိုဒါကို ဒဏ်ရာဖြစ်နေတဲ့ အရေပြားအပေါ် မလိမ်းမိဖို့ပါပဲ။

ပန်းသီးရှာလကာရည်

ဘက်ပေါင်းစုံက အသုံးဝင်တဲ့ ပန်းသီးရှာလကာရည်ကို ဂွမ်းစလေးနဲ့ ဒဏ်ရာပေါ် ဆွတ်ပေးရုံပါပဲ။ တကယ်လို့ ပန်းသီးရှာလကာရည်ချည်းသုံးရတာ ယားယံလာရင်တော့ သူ့ဂုဏ်သတ္တိပျော့သွားအောင် ရေအနည်းငယ်ရောစပ်သုံးပေးနိုင်ပါတယ်။

သံပုရာ

သံပုရာသီးကို အရည်ညှစ်ပြီး ၄င်းအရည်ကို ဂွမ်းစလေးနဲ့ သန်းကိုက်လို့ ယားယံတဲ့ဝေဒနာပေါ်လိမ်းပေးရုံပါပဲ။ ပြီးရင် သဘာဝလေးနဲ့ ခြောက်သွေ့သွားအောင် ထားလိုက်ပါ။ တနေ့ကို အကြိမ်ပေါင်းများစွာ တိလေးတွေရော လူတွေပါ အသုံးပြုနိုင်ပါတယ်။

 

လက်ဖက်ရည်ကြမ်း

လက်ဖက်ရည်ကြမ်းကတော့ သန်းကိုက်လို့ ယားယံနေတဲ့အရေပြားကို သက်သာရာရစေပြီး ယောင်ယမ်း နာကျင်ခြင်းတွေလျော့ကျစေပါလိမ့်မယ်။ အအေးခံထားတဲ့ လက်ဖက်ရည်ကြမ်းနဲ့ သန်းကိုက်ခံထားရတဲ့နေရာကို ဆေးကြော သန့်စင်ပေးပါ။ ကိုယ်တိုင်သာမက တိလေးတွေအတွက်ပါ အသုံးပြုနိုင်ပါတယ်။

 

နောက်ထပ် ဆောင်ရန်ရှောင်ရန်လေးတွေကတော့

-      အမြဲတမ်း သန့်ရှင်းရေးလုပ်ပေးပါ။

-      တိလေးတွေအတွက် သန်းသေတဲ့ ရေချိုးဆပ်ပြာမျိုးသုံးပေးပါ။

-      သန်းတွေက ကြက်သွန်ဖြူရနံ့ကို မကြိုက်တဲ့အတွက် သန်းများတဲ့ ပတ်ဝန်းကျင်မှာ ကြက်သွန်ဖြူအခွံခွာပြီးချထားပေးပါ။

#sawetawsein #စွယ်တော်စိမ်း

Comments

Popular posts from this blog

နားရွက်ထဲက ၀က်ခြံတွေ

ခွေးလေးတွေ စိတ်ဖိစီးနေတဲ့အခါ...